သွားကျောက် ဘာလို့တည်သလဲ၊ ဘယ်လို ပျောက်ကင်းအောင် ကုစားမလဲ
ခံတွင်းနံ့မကောင်းတဲ့သူတော်တော်များများ ခံတွင်းထဲကိုကြည့်လိုက်ရင် သွားအနောက်က အဝါရောင်ကျောက်လို ဖြစ်နေတာကို မြင်ဖူးကြမှာပါ။ အဲဒါကို သွားချေးကျောက် (Calculus) လို့ ခေါ်ပြီး သွားပေါ်က အရိအချွဲ ဒါမှမဟုတ် သွားချေးတွေက ခဲသွားတာကြောင့် ဖြစ်လာရတာပါ။
သွားချေးကျောက်က သူ့ဖာသာ ပျောက်သွားနိုင်လား?
သွားနဲ့ ခံတွင်းဆရာဝန်ဆီမှာ ပြသခြင်းမရှိဘဲ သွားချေးကျောက်ကို ဖယ်ရှားသန့်စင်လို့ လုံးဝမရနိုင်ပါဘူး။ သွားချေးကျောက်ဟာ အရိအချွဲကနေ ခဲသွားတာဖြစ်လို့ ကိုယ်က သွားတိုက်တဲ့အခါမှာလည်း သွားကျောက်ကိုသာ တိုက်ချွတ်နေတာဖြစ်ပြီး သွားအတွက် ထိရောက်မှု အရမ်းနည်းသွားနိုင်ပါတယ်။ သွားချေးကျောက်မဖြစ်ခင် အရိအချွဲအခြေအနေမှာတော့ ဒါကို သက်သာအောင် လုပ်ပေးလို့ ရပါတယ်။
ဘယ်နေရာမှာ သွားချေးကျောက် ဖြစ်နိုင်လဲ?
သွားချေးတွေဟာ သွားရဲ့အပေါ်ယံကြွေလွှာပေါ်မှာ ကပ်ငြိနေတာဖြစ်ပြီး အချို၊ ကစီဓာတ်စားသုံးမှုများတာ၊ သွားကြားထဲက စားကြွင်းစားကျန်တွေကို သွားပွတ်ကြိုးနဲ့ သေချာသန့်ရှင်းရေးမလုပ်တာ၊ ခံတွင်းသန့်ရှင်းမှုမရှိတာကြောင့် ဖြစ်လာနိုင်ပါတယ်။ ဒီသွားချေးတွေကနေ ခဲသွားတဲ့အခါ သွားအပေါ်ယံကြွေလွှာပေါ်၊ သွားနှစ်ခုကြားထဲက သွားဖုံးနဲ့ထိစပ်ရာနေရာမှာလည်း သွားကျောက်တည်နိုင်ပါတယ်။
ဘယ်လိုလူတွေမှာ သွားချေးကျောက် ပိုတက်နိုင်လဲ?
- နေ့စဉ် စနစ်တကျ သွားမတိုက်သူတွေ
- အချို၊ ကစီဓာတ် အများအပြားစားသူတွေ
- အစာစားပြီး သွားမတိုက်၊ ပလုတ်မကျင်းဘဲ အိပ်တတ်သူတွေ
- သွားပွတ်ကြိုး အသုံးမပြုသူတွေ
- ဆေးလိပ်၊ ဆေးရွက်ကြီး သောက်သူတွေ
- ခံတွင်းခြောက်သူတွေမှာ ပိုအဖြစ်များပါတယ်။
တစ်ခုအနေနဲ့ သတိထားဖို့ကတော့ လူတိုင်းလူတိုင်း သွားချေးကျောက်ဖြစ်နိုင်ပါတယ်။ ကိုယ့်ဘက်ကနေ သန့်ရှင်းရေးသေချာလုပ်ရင်တောင် အရိအချွဲတွေက ကျန်နေနိုင်တဲ့အတွက် (၆) လ တစ်ကြိမ် သွားဆေးခန်းပြပြီး သန့်ရှင်းရေးလုပ်ပေးမှပဲ ဒါကို ကာကွယ်နိုင်မှာပါ။
သွားချေးကျောက်က တခြားဘာတွေ ဒုက္ခပေးနိုင်သေးလဲ?
ခံတွင်းနံ့ နံစေတာအပြင် သွားရဲ့ သဘာဝအရောင်ပျောက်ပြီး ပိုဝါလာစေတယ်။ ဒါ့အပြင် သွားဖုံးသွေးယိုပြီး ရောင်လာတာ၊ သွားပိုးပေါက်ဖြစ်တာ၊ သွားဆွေးမြေ့ပျက်စီးတာ၊ သွားနဲ့ ခံတွင်း ကျန်းမာရေးပြဿနာတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
သွားကျောက်တည်နေပြီဆိုရင် ဘာလုပ်ကြမလဲ?
အကောင်းဆုံးနည်းလမ်းကတော့ သွားဆေးခန်းသွားပြပြီး ဆရာဝန်ရဲ့ အကူအညီနဲ့ သွားကျောက်ကို ခြစ်ထုတ်ဖို့ပါပဲ။ ဒီနည်းလမ်းဟာ တစ်ခုတည်းသော သွားကျောက်ဖယ်ရှားတဲ့ နည်းလမ်းဖြစ်ပြီး နာကျင်မှုလည်းမရှိသလို ထုံဆေး၊ မေ့ဆေးပေးစရာလည်း မလိုတာကြောင့် အရမ်းကြီး ကြောက်စရာမလိုအပ်ပါဘူး။ သွားကျောက်ခြစ်ပြီးသွားရင်တော့ ဆရာဝန်ဘက်ကနေ သွား Polish တိုက်တာမျိုးတွေကို လုပ်ပေးနိုင်ပါတယ်။
သွားကျောက်မဖြစ်အောင် ဘယ်လိုကာကွယ်နိုင်မလဲ?
အပေါ်မှာပြောခဲ့သလိုပဲ သွားကျောက်က လူတိုင်းမှာဖြစ်နိုင်ပြီး ၁၀၀% ကာကွယ်နိုင်ခြင်းမရှိဘူးဆိုပေမယ့် ကိုယ့်ဘက်ကနေ
- မနက်တစ်ကြိမ်၊ ညတစ်ကြိမ် သွားပုံမှန်တိုက်ပေးတာ
- တစ်နေ့တစ်ကြိမ် သွားပွတ်ကြိုးသုံးပြီး သန့်ရှင်းပေးတာ
- ခံတွင်းသန့်စင်ဆေးရည်၊ ဆားငန်ရည်နဲ့ ပလုတ်ကျင်းတာ
- ဆေးလိပ်၊ ဆေးရွက်ကြီး လျှော့သောက်တာ၊ ဖြတ်တာ
- အချို၊ ကစီဓာတ်စားပြီးတိုင်း ပလုတ်ကျင်းပေးတာ စတာတွေ လုပ်ပေးမယ်ဆိုရင် ဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။
(၆) လတစ်ကြိမ် သွားဆေးခန်းပုံမှန်ပြသပြီး သန့်ရှင်းရေးလုပ်ပေးဖို့ကတော့ အရေးအကြီးဆုံးပါပဲ။ သွားနဲ့ခံတွင်းကျန်းမာရေးဟာ ကိုယ်ခံအားစနစ်နဲ့ ခန္ဓာကိုယ်ကျန်းမာရေးအပေါ် များစွာ သက်ရောက်နိုင်စေတဲ့အတွက် မပေါ့ဆဖို့ အကြံပေးလိုက်ပါတယ်ခင်ဗျာ။
ရဲမျိုးမြတ်